သင့်ရဲ့အဆုတ်လေး ကျန်းမာစေဖို့ ဒီလို စောင့်ရှောက်ပါ
အသက်ရှင်နေသရွေ့ စက္ကန့်မလပ် မရပ်မနား အလုပ်လုပ်နေရဲ့ ကိုယ်တွင်းအင်္ဂါတွေထဲမှာ အဆုတ်ကလည်း တစ်ခုအပါအဝင်ပါ။ အခုအချိန်လို ပူပြင်းတဲ့ ရာသီဥတုမှာတော့ ပိုဆိုးပါတယ်။
ပူပြင်းတဲ့ ရာသီမှာ ခန္ဓာကိုယ်အပူချိန်ကို လျှော့ချဖို့ အောက်ဆီဂျင် ပမာဏကို ပုံမှန်ထက် များစွာပိုလိုအပ်ပါတယ်။ လူနေထူထပ်ပြီး လေထုညစ်ညမ်းတဲ့ မြို့ပြမှာနေသူတွေက ပိုဆိုးပါတယ်။ ဒါတွေအပြင် နကိုတည်းက အဆုတ်ရောဂါအခံ ရှိပြီး အဆုတ်မကောင်းတဲ့သူတွေဆိုရင်တော့ အဆုတ်က ပြင်းထန်စွာ အလုပ်လုပ်ရလို့ အသက်ရှူမြန်တာ၊ မောတာတွေ ဖြစ်လာမှာပါ။
နွေရာသီမှာ ဖုန်မှုန့်တွေ၊ ပန်းဝတ်မှုန်တွေ၊ သစ်ရွက်ခြောက်နဲ့ အမှိုက်တွေကို မီးရှို့တဲ့ မီးခိုးမှုန်တွေကြောင့် ပန်းနာရင်ကြပ်နဲ့ COPD အဆုတ်လေပြွန်ကျဥ်းရောဂါ ရှိတဲ့ လူနာတွေဟာ ချောင်းဆိုးရင်ကြပ်ပြီး ရောဂါပိုဆိုးလာနိုင်ပါတယ်။
ရာသီဥတု အရမ်းပူတဲ့အခါ လေပူတွေက နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းထဲကို ဝင်ရောက်ပြီး အပူအာရုံခံဆဲလ်တွေကို လှုံ့ဆော်မှုကြောင့် အသက်ရှူလမ်းကြောင်းကို နှိုးဆွသလိုဖြစ်ကာ ချောင်းဆိုးတာ၊ နှာချေတာ၊ နှာရည်ယိုတာ စတဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။ လေပူတွေကို တောက်လျှောက် ရှူနေရရင် အသက်ရှူလမ်းကြောင်း ရောင်ရမ်းတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။
လေပူတွေဟာ ရေငွေ့တွေကို စုပ်ယူထားနိုင်စွမ်း ရှိတဲ့အတွက် လေထုထဲမှာ ရေငွေ့တွေများပြီး အောက်ဆီဂျင်ပမာဏ လျော့နည်းလာတဲ့အခါ အဆုတ်ရောဂါအခံရှိသူတွေမှာ အသက်ရှူရ ခက်ခဲတာမျိုး ဖြစ်လာပါလိမ့်မယ်။
ဒီလို ပြဿနာတွေက ကင်းဝေးဖို့ အဆုတ်ကို ဘယ်လို စောင့်ရှောက်ရမလဲ?
- အပူချိန်ပြင်းထန်တဲ့ အချိန်တွေမှာ (မနက် ၁၀ နာရီကနေ ညနေ ၄ နာရီထိ) အိမ်ထဲမှာ သို့မဟုတ် မိမိအလုပ်ရှိတဲ့ အဆောက်အဦးထဲမှာပဲ နေပါ။
- အိမ်နဲ့ အဆောက်အဦးကို အေးမြအောင် ထားပါ။ အဲယားကွန်းတပ်ထားတာ၊ အပြင်ဘက် ပူနေချိန် တံခါးပိတ်ထားတာ၊ ခန်းဆီး ကာထားတာ စသည်တို့ကို လုပ်ပါ။
- အိမ်ထဲမှာ လေသန့်စင်စက် air putrifier တပ်နိုင်ရင် တပ်ထားပါ။
- လက်ကိုင်ပန်ကာ သို့မဟုတ် air cooler ဆောင်ထားပြီး ၆ လက်မခန့်အကွာကနေ ဖွင့်ပါ။ ပန်ကာနဲ့ air cooler တွေမှာ ဖုန်မှုန့်တွေ ကပ်ငြိမနေအောင် ဂရုပြုပါ။ အရမ်းပူလာရင် ရေချိုးပြီး အပူချိန်ကျအောင် လုပ်ပါ။
- မတတ်သာလို့ အပြင်ထွက်ရရင် နေရောင်ကာခရင်မ် လိမ်းပါ။ အရောင်ဖျော့ပြီး ပွပွချောင်ချောင်ရှိတဲ့ ချည်ထည်များကို ရွေးချယ် ဝတ်ဆင်ပါ။ အရေပြားကို ဖုံးအုပ်တဲ့ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်များ ဝတ်ဆင်ပါ။ ထီး၊ ဦးထုပ် အမိုးအကာများ ဆောင်းပါ။
- မိုးလေဝသ အခြေအနေကို အမြဲမပြတ် နားစွင့်နေပါ။
- အဆုတ်ကို အားဖြစ်စေမယ့် ဟင်းသီးဟင်းရွက်၊ ပဲနဲ့ အစေ့အဆန်တွေ များများစားပါ။ ရေဓာတ်များများ ပါဝင်တဲ့ အသီးအရွက်တွေ များများစားပါ။ ရေများများသောက်ပါ။ ချွေးထွက်များရင် ဓာတ်ဆားရည် သောက်ပါ။
- အရက်၊ လက်ဖက်ရည်၊ ကော်ဖီနဲ့ အချိုရည်တွေက ရေဓာတ်ခမ်းခြောက်စေလို့ ရှောင်ပါ။ အသက်ရှူလမ်းကြောင်းကို လှုံ့ဆော်ယားယံစေတဲ့ ဆေးလိပ်ကို မသောက်ပါနဲ့။
- ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ခြင်းမှ ရှောင်ပါ။
- အရေးပေါ် အခြေအနေ ဖြစ်လာရင် လိုအပ်မယ့် ဆေးဝါးများ အသင့်ပြင်ထားပါ။ ဥပမာ…ပန်းနာရင်ကြပ်ရင် စွဲသောက်ရတဲ့ဆေး၊ ဂေါက်ရှူဆေး၊ အောက်ဆီဂျင် စသည်
အခုပြောခဲ့တဲ့ အချက်တွေကို ဂရုတစိုက် လိုက်နာရင် ရာသီဥတု ပူပြင်းပေမယ့်လည်း အဆုတ်ကို ကျန်းမာအောင်၊ အဆုတ်ရောဂါတွေ ပိုမိုဆိုးဝါးမသွားအောင် စောင့်ရှောက်နိုင်မှာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်